Khit Thit သတင်းဌာန၏ ဇူလိုင် ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ ဖိလစ်ပိုင်နိုင်ငံမှာ လာမည့် သီတင်းပတ်အတွင်း ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့် ဆက်လက်ပိတ်ပင်လိုက်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ကြေညာလာပါတယ်။ -ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ အပြင်းအထန်ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က ဗိုလ်မှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါးကိုလည်းတော်လှန်ရေးတပ်တွေက ချေမှုန်းထားတဲ့အပြင် စစ်တပ်ဘက်က စစ်သုံ့ပန်းစစ်သားတွေကိုလည်း လက်နက်ခဲယမ်းတွေနဲ့ အရှင် ဖမ်းဆီးရမိထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။ ပဲခူးတိုင်း ၊ မိုးညိုမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ကြံ့ဖွတ်ပါတီ ဝင်တွေက လူငယ်တွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီး ချုပ်နှောင်သိုလှောင်ထား တဲ့အပြင် ၊ လူတစ်ဦးကို ငွေကျပ် သိန်း ၂၀၀ နဲ့ ပြန်ရွေးခိုင်းပြီးတော့ မရွေးနိုင်တဲ့သူတွေကို စစ်မှုထမ်းလူစားထိုး ဈေးကွက်မှာ သိန်း ၁၀၀ နဲ့ ပြန်လည်ရောင်းစားတာတွေုလပ်နေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ အမေရိကန်က အီရန်ကို ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင် လေကြောင်း တိုက်ခိုက် မှုကြောင့် အီရန်နိုင်ငံ အိုမန်ပင်လယ်ကွေ့မှာရှိတဲ့ ဆိပ်ကမ်း စောင့်ကြည့်ရေးမျှော်စင် ပြိုကျသွားပြီး ၊ အဲ့ဒီ ဓာတ်ပုံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးကိုယ်တိုင်သူ့ရဲ့ လူမှုကွန်ရက်မှာ မျှဝေလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။