Khit Thit သတင်းဌာန၏ ဇူလိုင် ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်း တိုက်ခိုက် မှုကြောင့် ကွယ်လွန်ခဲ့တဲ့ အီရန်နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင် အဓိပတိဟောင်း အလီခါမေနီရဲ့ အသုဘအခမ်းအနားကို အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ကိုယ်စားလှယ် ဝန်ကြီး တင်အောင်စန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက သတင်းဖော်ပြပါတယ်။ -အကြမ်းဖက်စစ်ကောင်စီတပ်က စစ်အရာရှိတွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ သေဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ သေဆုံးနစ်နာကြေး ငွေကျပ် သိန်း ၃၀ နဲ့ လစဉ်ခံစားခွင့်လစာတွေကို ကျန်ရစ်သူ မိသားစုတွေဆီ မပေးဘဲ "ပျောက်ဆုံးစာရင်း" သွင်းပြီး လိမ်လည်ထုတ်ယူ ဖြတ်တောက်ယူနေကြတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က စစ်တပ်သတင်းရင်း မြစ်တွေကို ကိုးကားပြီး ပြောပါတယ်။ -မန္တလေးတိုင်း ဝမ်းတွင်း၊ မိတ္ထီလာ၊ သဲတောနဲ့ မလှိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ သူတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာ၊ ငွေကြေးတောင်းခံတာတွေ နေ့စဉ်လိုလို လုပ်ဆောင်နေတယ်လို့ Voice of Wundwin ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ -ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် PDF တပ်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သားတွေ ခိုးယူထားတဲ့ ဘုရားဆင်းတုတော်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ ထုတ်ပြန်ချက်နဲ့ စစ်ရေးသတင်းရင်းမြစ် ပြောပြချက်အရ သိရပါတယ်။ တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံ အရှေ့ဘက်ပင်လယ်ပြင်မှာ ကမ်းခြေစောင့်တပ် သင်္ဘောတွေကို ထပ်မံစေလွှတ်ပြီး ကင်းလှည့်မှုအသစ် စတင်လိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။