People's Spring | ရှုပ်ထွေးတဲ့မေးခွန်းတွေကို ချန်ထားခဲ့ပြီး Titanic မပြန်လမ်းဆီ ထွက်ခွာသွားတဲ့ Titan

People's Spring | ရှုပ်ထွေးတဲ့မေးခွန်းတွေကို ချန်ထားခဲ့ပြီး Titanic မပြန်လမ်းဆီ ထွက်ခွာသွားတဲ့ Titan

People's Spring | ရှုပ်ထွေးတဲ့ မေးခွန်းတွေကို ချန်ထားခဲ့ပြီး Titanic ရေသင်္ချိုင်း မပြန်လမ်းဆီ ထွက်ခွာသွားတဲ့ Titan People's Spring သုတေသန ရေငုပ်သင်္ဘောလေးထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ အတော်လေး အနေကျုံ့တဲ့တိုင် လိုက်ပါသွားသူ ၅ ယောက်စလုံးက စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့ကြပါတယ်။ လူ့သမိုင်းမှာ အကျော်ကြားဆုံး သင်္ဘောပျက်ကြီး တခုဖြစ်တဲ့ Titanicရဲ့ အကြွင်းအကျန်တွေ တည်ရှိရာ နေရာထိ စွန့်စွန့်စားစား ငုပ်လျှိုးဆင်းသက်ရမယ့် ခရီးစဉ်အတွက် အားလုံးက တက်ကြွ ထက်သန်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Titanic သင်္ဘောပျက်ကြီး တည်ရှိရာ ရေအောက်သင်္ချိုင်းဟာ သူတို့အတွက်လည်း ဖြစ်လာမယ် ဆိုတာကိုတော့ Titanရဲ့ ခရီးသည် ၅ ယောက်စလုံး ကြိုမတွေးမိခဲ့ပါဘူး။ Titanic သင်္ဘောပျက်ဆီ သွားရောက်လည်ပတ် လေ့လာရင်း ကိုယ်တိုင် ပျောက်ဆုံးသွားတဲ့ ရေငုပ်သင်္ဘောငယ်ရဲ့ ကံကြမ္မာဟာ အခုသီတင်းပတ်ထဲမှာတော့ တစ်ကမ္ဘာလုံး စိတ်ဝင်စားကြတဲ့ ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။ နိုင်ငံတကာ မီဒီယာတွေကလည်း Titan စတင် ပျောက်ဆုံးသွားချိန် ကတည်းက နောက်ထပ် ၅ ရက်အကြာ ရေငုပ်သင်္ဘောငယ်ရဲ့ ကံကြမ္မာကို ဂဃနဏ ကွဲကွဲပြားပြား သိလာရတဲ့ထိ နောက်ဆက်တွဲ သတင်းတွေကို အစဉ်တစိုက် ဖော်ပြခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်မှာတော့ Titanic သင်္ဘောပျက်ရဲ့ ပတ်ဝန်းကျင်မှာ ပြန့်ကြဲနေတဲ့ ရေငုပ်သင်္ဘော အစိတ်အပိုင်းတွေကို ကယ်ဆယ်ရေးအဖွဲ့ရဲ့ ရေအောက် ဒရုန်းတွေက တွေ့ရှိလာခဲ့ပါတယ်။ အထောက်အထားတွေအရ ရေအနက် ၁၂၅၀၀ လောက်မှာ Titanဟာ ပြင်ပဖိအားကြောင့် ပေါက်ကွဲပျက်စီးသွားတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ရေငုပ်သင်္ဘောထဲမှာ လိုက်ပါသွားသူ ၅ ဦးစလုံးအတွက် မျှော်လင့်ချက် လုံးဝ မရှိတော့ဘဲ ပြင်းထန်လှတဲ့ ရေအောက် ဖိအားဒဏ်ကြောင့် စိစိညက်ညက် ကျေသွားပြီလို့ အဖြေထွက်လာခြင်းပါပဲ။ ကမ္ဘာကျော် ကြေကွဲစရာ ဇာတ်လမ်းတစ်ခု ဖြစ်လာတဲ့ Titanရဲ့ ခရီးစဉ်ဟာ ဇွန်လ ၁၇ ရက်မှာ အစပြုခဲ့ပါတယ်။ Ocean Gate ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Polar Prince ရေခဲခွဲ သင်္ဘောဟာ ရေနက်ပိုင်း သုတေသန ရေငုပ်သင်္ဘောလေးကို တင်ဆောင်ပြီး ကနေဒါပိုင် နယူးဖောင်လန်ကျွန်းရဲ့ စိန့်ဂျွန် ဆိပ်ကမ်းကနေ စတင် ထွက်ခွာလာပါတယ်။ Titanic သင်္ဘောပျက်ကို အနီးကပ် ကြည့်ရှုနိုင်မယ့် အဲဒီ အပျော်စွန့်စားခန်း ခရီးစဉ်အတွက် တစ်ယောက်ကို ဒေါ်လာ နှစ်သိန်းခွဲလောက် ကျသင့်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၁၈ ရက်မှာတော့ Titanic သင်္ဘောပျက် တည်ရှိရာ နေရာနားမှာ ဗြိတိန်သား ဘီလီယံနာ သူဌေးကြီး ဟာမစ်ရှ် ဟာဒင်နဲ့အတူ မိတ်ဆွေ ပါကစ္စတန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် သားအဖ၊ ပြင်သစ်နိုင်ငံသား အဏ္ဏဝါဗေဒ သုတေသီနဲ့ Titanic သင်္ဘောပျက်ဆိုင်ရာ အထူးကျွမ်းကျင်သူတဦး၊ ရေငုပ်သင်္ဘော မောင်းနှင်သူတို့ လိုက်ပါသွားတဲ့ Titanဟာ မိခင် ရေယာဉ်ကို ဖယ်ခွာပြီး စတင် ငုပ်လျှိုးသွားခဲ့ပါတယ်။ နောက်ထပ် ၁ နာရီနဲ့ ၄၅ မိနစ် အကြာမှာတော့ Polar Princeပေါ်မှာ ရှိနေတဲ့ ရေယာဉ် အဖွဲ့သားတွေ မျက်လုံးပြူးစရာ အခြေအနေ တစ်ခု ရုတ်တရက် ပေါ်ပေါက်လာပါတယ်။ သူတို့ဟာ Titan ရေငုပ်သင်္ဘောငယ်လေးနဲ့ အဆက်အသွယ် ပြတ်သွားတာကြောင့်ပါ။ ရေငုပ်သင်္ဘောရဲ့ အောက်စီဂျင် သိုလှောင်နိုင်စွမ်းဟာ ၄ ရက်၊ ၅ ရက်ထက် မပိုတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီး ကြိုးစား လုပ်ဆောင်ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးတွေ စတင်ပြီး တတိယရက်လောက်မှာ ကနေဒါ လေယာဉ် တစီးက ရေအောက်မှာ အသံတခုခု ထွက်ပေါ်နေတာကို ထောက်လှမ်းမိခဲ့တာကြောင့် အားတက်ခဲ့ကြရပါသေးတယ်။ ဒါပေမဲ့ အမေရိကန် ကမ်းခြေစောင့်တပ်ကတော့ အဲဒီ အသံဟာ Titan ရေငုပ်သင်္ဘောဆီကပါ ဆိုတာမျိုး အတိအကျ အတည်မပြုနိုင်ကြောင်း သတိပေးခဲ့ပါတယ်။ ဇွန်လ ၂၂ ရက်မှာတော့ Titanicနဲ့ ပေပေါင်း ၁၆၀၀ လောက်မှာ Titanရဲ့ အပျက်အစီးတွေကို စတွေ့လာရပါတယ်။ ရေအောက် ဒရုန်းတွေ အသုံးပြု ရှာဖွေမှုမှာ ရေငုပ်သင်္ဘောလေးရဲ့ နောက်မြီးပိုင်း၊ ကိုယ်ထည် ဘေးသားနဲ့ အောက်ခြေ သတ္တုတန်းတွေ အပါအဝင် အပျက်အစီး အပိုင်းအစ ၅ ခုလောက်ထိ တွေ့ရှိလာတဲ့နောက် Titanနဲ့အတူ လိုက်ပါသွားသူ ၅ ယောက်အတွက် မျှော်လင့်ချက်တွေ အပြီးတိုင် ချုပ်ငြိမ်းသွားပါတော့တယ်။ အဲဒီနေ့မှာပဲ အမေရိကန် ရေတပ်ရဲ့ ကနဦး ထောက်လှမ်းတွေ့ရှိမှု တစ်ခုကိုပါ ကမ်းခြေစောင့်တပ်က ထုတ်ပြန် အသိပေးလာခဲ့ပါတယ်။ Titanနဲ့ Polar Princeတို့ စတင် အဆက်အသွယ် ပြတ်တောက်သွားတဲ့ ခန့်မှန်း အချိန်ကာလလောက်မှာပဲ အဲဒီနေရာ တဝိုက် ရေအောက်မှာ ပေါက်ကွဲသံ တခုကို ရေတပ်ရဲ့ ဆိုနာတွေက ဖမ်းယူ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအသံက Titanဆီကလို့ အတည်မပြုနိုင်သေးသလို မျှော်လင့်တကြီး လုပ်ဆောင်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကြောင့် အဲဒီ ကိစ္စကို ထုတ်မပြောဘဲ ရေတပ်က နှုတ်ဆိတ်နေခဲ့ပါတယ်။ Titanက ရေအောက်မှာ ပျက်စီးခဲ့ပြီဆိုတာ သေချာတော့မှ ဒီအကြောင်းကို ဖွင့်ချခဲ့တာပါ။ အဓိပ္ပါယ်ကတော့ Titanဟာ အဆက်အသွယ် ပြတ်တောက်သွားချိန် ကတည်းက ရေဖိအားကြောင့် ပေါက်ကွဲ ပျက်စီးခဲ့ပြီး လိုက်ပါသွားသူတွေပါ သေဆုံးခဲ့ပြီးပြီ ဆိုတာပါပဲ။ သူတို့တွေ အသက်ရှင်လိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၅ ရက်လုံးလုံး ရှာခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ခါးသီးလှတဲ့ ဝမ်းနည်းစရာ အရှိတရားကိုပဲ လက်ခံလိုက်ရပါတော့တယ်။ Titanရဲ့ ကြေကွဲစရာ ဖြစ်ရပ်ဆိုး အပြီးမှာတော့ ဖြေဖို့မလွယ်သေးတဲ့ မေးခွန်းတွေ တပုံတပင်ကြီး ကျန်နေခဲ့တာ တွေ့ရပါမယ်။ #လူထုနွေဦး #LuduNwayOo #People'sSpring #PS https://bit.ly/ludunwayoo   / ludunwayoo     / ludunwayoo   t.me/PeopleSpring (https://t.me/PeopleSpring)